ဒဂုံအရှေ့ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်အမည်စာရင်း၌ ပါဝင်သင့်သူများ မကျန်ရှိစေရန်နှင့် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ပါရှိနိုင်စေရန်အတွက် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လဝကဝန်ထမ်းများ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ ပါဝင်သည့်အဖွဲ့ဖြင့် နယ်မြေကွင်းဆင်း၍ တစ်အိမ်တက်ဆင်းသွားရောက်ကာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အပြည့်အဝရရှိသည်နှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းတွင် ပါ၊ မပါ သက် (၁၈) နှစ်ပြည့်ပြီးသူများ ကျန်၊ မကျန် တိုက်ဆိုင်စီစစ်၍ မဲစာရင်းတွင် မပါရှိသူများ ပါရှိနိုင်ရေးနှင့် မပါဝင်သင့်သူများ ပယ်ဖျက်နိုင်ရေး၊ အိမ်ထောင်စုများမှ အမည်စာရင်းနှင့် မှတ်ပုံတင်အမှတ်များ မှန်ကန်မှုရှိမရှိကို သက်ဆိုင်ရာမဲဆန္ဒရှင်အမည်စာရင်းနှင့် အိမ်ထောင်စုများနှင့်အတူ တိုင်ဆိုင်စီစစ်ဆောင်ရွက်ပေးမှုများကို ဒီဇင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
အေးမဉ္ဇူ