ဘားအံမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ဘားအံ ဒီဇင်ဘာ ၄

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ထည့်သွင်းကျင်းပသော စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသားစာပေ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သုတ၊ ရသ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြအမျိုးမျိုး စာအုပ်ဈေးရောင်းပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ စာအုပ်စာပေဝယ်ယူလေ့လာဖတ်ရှုနေမှု၊ လူငယ်စာဖတ်ဝိုင်း၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ လှပသာယာပြည် မြန်မာရောင်စုံဓာတ်ပုံပြပွဲ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြုပြခန်း၊ အခြေခံပညာဦးစီးဌာန၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြခန်း၊ ဉာဏ်စမ်းပဟေဋ္ဌိ (Kahoot Quiz) ပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှု အားပေး၍ အဆိုပါ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် (၁၀) သိန်းကို စာကြည့်တိုက်တာဝန်ခံထံ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အဆိုပါအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဘားအံအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည်ခိုင်မာ တိုးတက်စေရမည် Video Clip ကိုအတူတကွကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ခြင်းသည် ရေရှည်ပြုစုပျိုးထောင်ပေးရမည့်လုပ်ငန်းဖြစ်သည့်အတွက် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေမည့် စာပေဖတ်ရှုလေ့လာမှု ရှင်သန်ခိုင်မာလာစေရန် လေ့ကျင့်သင်ကြားပေးကြစေလိုပြီး စာဖတ်သည့်အလေ့အထရရှိစေမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်အောင် ဒေသတွင်းတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကော့ရင်းအောက်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာပန်းများ လန်းရာမြေသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး လှာကာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီး သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပါဝင်ဆင်နွှဲကြသည့် ကျောင်းသား၊ ကျောင်းသူများအား နေ့လည်စာများ ဝေငှပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)