မိုင်းဆတ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့က မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်အားပေးသည်။
ထို့နောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေသင်ကြားနေမှု၊ အခြေခံပညာအလယ်တန်းကျောင်း (နားကော) Clean and Green ဆောင်ရွက်ထားရှိမှုနှင့် ခရိုင်ပြည်သူ့ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးသည်။
အလားတူ ဒီဇင်ဘာ ၃ ရက်က မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ ပြည်သူ့ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးကာ ပညာရေး၊ ကျန်းမာရေးနှင့် မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံဆွေးနွေးသည်။ ဆက်လက်ပြီး မိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေး၊ ဝန်ထမ်းများ နိုင်ငံသားကောင်းပီသစွာ မိမိနှင့်မိမိတို့ မိသားစုဝင်များ မဲပေးနိုင်ရေး၊ မဲရုံဝန်ထမ်းများ ဥပဒေ၊ နည်းဥပဒေပါ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်ရေး၊ ရုံးလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ခရိုင်/မြို့နယ်ဝန်ထမ်းများ၏ ပုံရိပ်ကောင်းမှ နိုင်ငံတော်၏ ပုံရိပ်ကောင်းနိုင်မည်ကို သိပြုဆောင်ရွက်ရေး၊ လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရေး၊ Grade-12 အောင်ချက်မြင့်မားရေးနှင့် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး ဒေသလိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)