မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းဘူး ဒီဇင်ဘာ ၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး (မကွေးတိုင်းဒေသကြီး တာဝန်ခံ) သည် ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ၂၈-၁၂- ၂၀၂၅ ရက်နေ့၌ ပထမအကြိမ် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် MEVM မဲပေးစက်များဖြင့် မဲရုံအားလုံးတွင် လွှတ်တော်အလိုက် အသုံးပြုမဲပေးရမည်ဖြစ်ကြောင်း၊  ၎င်းမဲပေးစက်များကို နည်းပညာ ကျွမ်းကျင်သူများဖြင့် စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီး မြို့နယ်များသို့ အသင့် အသုံးပြုနိုင်အောင် တပ်ဆင်စစ်ဆေးပေးပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြို့နယ်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံများတွင် MEVM မဲပေးစက်များကို စစ်ဆေးဆောင်ရွက်ရန်နှင့် မင်းဘူးခရိုင်နှင့် မြို့နယ်များအလိုက် ကွပ်ကဲရေးရုံးများဖွင့်၍ ကွပ်ကဲရေးရုံးများတွင် အရန် MEVM မဲပေးစက်များ ထားရှိရမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မင်းဘူးခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးမတီဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်များမှ တက်ရောက်လာသည့် တာဝန်ရှိသူများမှ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ သင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေအနေများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားပြီးစီးမှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးဆောင်ရွက်မှု အခြေအနေများနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်များအား မြို့နယ်များအလိုက် စစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး (မကွေးတိုင်းဒေသကြီးတာဝန်ခံ)မှ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၏ တင်ပြခဲ့မှုများအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)