ပွင့်ဖြူ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မုန်းချောင်းရေနှင့် မြေအောက်ရေတို့ကို အမှီပြုပြီး စားဖိုဆောင်သီးနှံများကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ပါ စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် ဒေသခံတောင်သူများက (နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် မိသားစုဝင်ငွေတိုးပွားစေရန် နေ့စဉ်ဝင်ငွေရရှိသည့် စားဖိုဆောင်သီးနှံမျိုးစုံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ထိုသို့ သီးနှံမျိုးစုံစိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းတိုးတက်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်များ၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများ ထုတ်လုပ်အသုံးပြုပုံနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်၊ မုံညှင်း၊ မုံလာဥ၊ ဆလပ်၊ ခရမ်းညို၊ ခရမ်းစိမ်း၊ ချဉ်ပေါင် ၊ ကန်စွန်း ၊ ရုံးပတီ ၊ ကြက်ဟင်းခါး ၊ သခွါး ၊ ဘူး ၊ ဖရုံ ၊ တိုင်ထောင်ပဲ ၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ် စတဲ့ သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြတယ်။ စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းက နေ့စဉ်ဝင်ငွေရရှိတဲ့အတွက်ကြောင့် တောင်သူတွေက အားထားစိုက်ပျိုးကြတာဖြစ်ပါတယ်။ စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူတွေ အခက်အခဲမရှိအောင် စိုက်ပျိုးရေးနည်းပညာတွေနဲ့ မျိုးကောင်းမျိုးသန့်တွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေသည့်အပြင် စိုက်ပျိုးမြေနှင့် ရာသီဥတုမျှတကောင်းမွန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲမျိုးစုံသီးနှံများအပြင် စားဖိုဆောင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)