မကွေးမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများပါဝင် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campaign) များ ပြုလုပ်

မကွေး ဒီဇင်ဘာ ၅

ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးတွင် ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်နိုင်ရေး ‌ရွေးကောက်ပွဲဆိုင်ရာများကို မဲဆန္ဒရှင်ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မကွေးမြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်သော ကန်သာမင်္ဂလာကန်တော်ရှိ LED ပြဘုတ်နှင့် Night Market LED ပြဘုတ်များတွင်ရွေးကောက်ပွဲလှုံ့ဆော်ရေးတေးသီချင်းများနှင့် ပြည်သူချစ်သောရုပ်ရှင်အနုပညာရှင်များ၏ ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ နှိုးဆော်မှုဇာတ်လမ်းတိုများဖွင့်လှစ်၍ နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်လှုံဆော်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ဒို့အတူတူ မဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” Billboard များ စိုက်ထူခြင်း၊ လူစည်ကားရာနေရာများ၊ Shopping Mall များ၊ မြို့မဈေး၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၊ ကားဂိတ်များတွင်  ဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်း၊  ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်နိုင်ရေးအတွက် လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခြင်းများဖြင့်  ပြည်သူများမဲရုံများသို့သွားရောက်မဲပေးနိုင်ရေး လှုံ့ဆော်မှုများကိုအရှိန်အဟုန်မြှင့် လှုံဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မောင်ညီညာ