တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့်မြစ်ရေယာဉ်(စကု)၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရွာသစ်ကျေးရွာသို့ရောက်ရှိ၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၄

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်ရွှေပုဇွန်နှင့် မြစ်ရေယာဉ်စကုတို့သည် ယမန်နေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်ဘုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ သို့ရောက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုသို့ဆေးကုသမှုဆောင်ရွက်ရာတွင် ရွာသစ်ကျေးရွာ သိရီမင်္ဂလာ မိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်တွင်အခြေပြု၍ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၆၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ (၁၂၄) ဦး၊ ခွဲစိတ်ရောဂါ (၂၁) ဦး၊ ကလေးရောဂါ( ၃၂) ဦး၊ အရိုးရောဂါ (၄၈) ဦး၊ သားဖွားမီးယပ်ရောဂါ (၃၁) ဦး၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ (၂၉) ဦး၊ မျက်စိရောဂါ (၄၅) ဦး၊ သွားရောဂါ (၃၁) ဦး တို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက် ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ (၁၂) ဦး၊ အန်ထရာစောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ (၂၂)ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ (၁၂) ဦး၊ အထွေထွေခွဲစိတ်လူနာ (၂) ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ (၃၆) ဦးတို့ကို ရောဂါရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)