ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ /သားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်၊ စတစ်ကာကပ်ခြင်းကမ်ပိန်းများ ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၅

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ /သားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်၊ စတစ်ကာကပ်ခြင်း ကမ်ပိန်းများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့၊ အလုံမြို့နယ်၊ သခင်မြပန်းခြံရှေ့နှင့် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများနှင့် တာဝန်ရှိသူများက ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ အဝေးပြေးကားများနှင့် YBS မော်တော်ယာဉ်များတွင် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" စာတန်းပါ စတစ်ကာများကပ်ခြင်းနှင့် ပြည်သူများ လက်ဝယ်အရောက် "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)