မြို့သစ် ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာ ဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဆင်ဖြူချီကျေးရွာ အုပ်စု၊ ဆင်ဖြူချီကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ကိုလည်းကောင်း၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာဦးတင်မောင်ဝင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ ဆရာဦးဌေးလွင်က ကျောင်းသားလူငယ်များ အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး စာအုပ်စာစောင်များပြသရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)