ကန်ကြီးထောင့် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက ကျွန်းတော့ကုန်းကျေးရွာအုပ်စု၊ ကျွန်းတောကုန်းကျေးရွာ၊ ကျွန်းကုန်းအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲနိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ အထက်တန်းပြဆရာမ ဒေါ်ဇာဇာဇင်မင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-11, Grade-10နှင့် Grade-8မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့် ရိုင်းပင်းကူညီစိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်းစသည့် ခေါင်းစဉ်များအား အသီးသီးဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျောင်းအုပ်ဆရာမကြီးကိုယ်စားဆရာမတစ်ဦးက လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားများအား ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး