ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန် (ဖြူ/နီ) ၁၁၇၃ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဒီဇင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန် (ဖြူ/နီ) ၁၁၇၃ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်နီ ၁၁၂၅ ဧက၊ ကြက်သွန်ဖြူ ၂၈ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ကြက်သွန်နီ ၁၁၃၅ ဧကနှင့် ကြက်သွန်ဖြူ ၃၈ ဧက အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်အတွင်း ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ကြက်သွန်(ဖြူ/နီ) ၁၁၅၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့မှာ ကြက်သွန်(ဖြူ/နီ) ၁၁၇၃ ဧကအထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ လျာထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးပြီးစီးတဲ့ ကြက်သွန်(ဖြူ/နီ)စိုက်ခင်းတွေ အထွက်နှုန်း တိုးတက်စေဖို့၊ အရည်အသွေးကောင်းမွန်စေဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သီးနှံများ ထွက်ရှိစေဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာပေးတာတွေကို မြေပြင်ကွင်းဆင်းပြီး  ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ကြက်သွန်နီဈေး ပြန်လည်ကောင်းလာတဲ့အတွက် ယခုနှစ်မှာ တောင်သူတွေက ပိုမိုစိုက်ပျိုးလာကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ကြက်သွန်နီစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ၊ အထွက်နှုန်းများ တိုးတက်စေရေးအတွက် ဒေသနဲ့ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျ သုံးစွဲရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြက်သွန်(ဖြူ/နီ)ကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)