ပုသိမ် ဒီဇင်ဘာ ၄
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းစွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုနှစ်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ဂုဏ်ပြုဆောင်ပုဒ်မှာ လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများမြှင့်တင်ပေး " "Fostering Disability inclusive societies for advancing social progress "ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း ဆောင်ရွက်မည့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ မသန်စွမ်းသူများအရေး ထည့်သွင်းရေးဆွဲအကောင်အထည်ဖော်ရန်နှင့် မသန်စွမ်းသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်၊ မသန်စွမ်းသူများ၏ အမြင်နှင့်သဘောထားကို အလေးထား၍ လူ့အဖွဲ့အစည်း၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး လှုံ့ဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများက ကိုယ်တိုင်အမှီအခိုကင်းစွာ ပါဝင်ဆောင်ရွက်နိုင်ရန် မိမိကိုယ်ကိုယုံကြည်မှုထားပြီး အရည်အသွေးများမြင့်မားနေစေရေး အားထုတ်ကြိုးပမ်းရန် ဆန္ဒများရှိနေရန်နှင့် သက်ဆိုင်ရာလူ့အသိုင်းအဝိုင်းနှင့် တာဝန်ရှိသူများအနေဖြင့်လည်း မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကိုအသိအမှတ်ပြု လက်တွဲခေါ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၈၂၀၀) ကျော်ရှိသည့်အနက် (၁၆) ရာခိုင်နှုန်းဖြစ်သည့် လူဦးရေသန်းပေါင်း (၁၃၀၀) ကျော်သည် မသန်စွမ်းသူများဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ၏(၇.၆) ရာခိုင်နှုန်း မသန်စွမ်းသူများဖြစ်ကြသည့်အတွက် ကမ္ဘာမှာရော မြန်မာမှာပါ မသန်စွမ်းသူဦးရေဟာ အချိုးအစားကြီးမားစွာတည်ရှိနေပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည် နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာ ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးသည်လည်း အရေးကြီးပါကြောင်း၊ ထို့ကြောင့် အလုပ်လုပ်ကိုင်နိုင်သော မသန်စွမ်းသူများအတွက် သင့်လျော်သောအလုပ် ခန့်ထားနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး” နှင့်အညီ မသန်စွမ်းသူများပါဝင်သည့် လူအဖွဲ့အစည်းမှသည် လူမှုစီးပွားဘဝမြင့်မားစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ သဝဏ်လွှာ Video Clipပြသမှုနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများအရေးနှင့် ပတ်သက်သည့် Video Clip ပြသမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မသန်စွမ်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးမှ မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုငွေများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)