ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၃/၂၀၂၅)ကို ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီး စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်း ထိရောက်အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသောစားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ပဲမျိုးစုံဧက (၁၆) သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုပ်ကိုလည်း နှစ်အလိုက်ရည်မှန်းချက်ထား တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် လေ့လာရရှိခဲ့သော ဗဟုသုတ၊ ပညာရပ်များကို မိမိတို့နှင့်နီးစပ်ရာတောင်သူများ၊ စိုက်ပျိုးထုတ်လုပ်သူများသာမကရောင်းဝယ် ဖောက်ကားနေကြသည့် ပုဂ္ဂိုလ်များအထိ ပညာဗဟုသုတများ မျှဝေပေးကြရန်လိုပါကြောင်း၊ အသိပညာမျှဝေပေးခြင်းဖြင့် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းကင်းဝေးစေပြီး စနစ်တကျအချိုးကျနစွာ သုံးစွဲတတ်စေခြင်းဖြင့် စားသုံးသူများအတွက် အန္တရာယ်ကင်းစေသည်သာမက သီးနှံအထွက်နှုန်း တိုးတက်စေမည်ဖြစ်ပါကြောင်း၊ ပိုးသတ်ဆေးသုံးစွဲပြီး အိတ်အလွတ်များကိုလည်း စနစ်တကျ စွန့်ပစ်ရန်လိုကြောင်း ” အမှာစကားပြောကြားသည်။

 အဆိုပါသင်တန်းအား ယခုလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)