လှိုင်းဘွဲ ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာ ကွင်းအမှတ်-၁၅၄၇၊ ဦးပိုင် အမှတ် (၁၃) ၊ မြေကွက်အမှတ် (၁၂၇) ရှိ တောင်သူဒေါ်နှင်းမှုံ ပိုင်ဆိုင်သော လယ်မြေအကွက်အကျယ် (၀ ဒဿမ ၁၀) ဧက၌ မိုးစပါး (အောင်နိုင်တိုးမျိုး) စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ရာ တစ်ဧကအထွက်နှုန်း (၁၁၅ ဒဿမ၇၀) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း အောင်နိုင်တိုး စပါးမျိုးအား ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ စိုက်ပျိုးခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်၌ မိုးစပါး (အောင်နိုင်တိုး) စုစုပေါင်း ၂၀၃ ဧကအထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသရေမြေနှင့်ကိုက်ညီခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ ပိုးမွှားကျရောက်မှုဒဏ်ခံနိုင်ရည်ရှိခြင်း၊ စားသုံးမှုအရည်သွေးကောင်း၍ တောင်သူများ ကြိုက်နှစ်သက်ခြင်းကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးစပါး (အောင်နိုင်တိုးမျိုး) စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ဧက ၁၂၀၈၈၉ ဧကကို စိုက်ပျိုးရန် လျာထားခဲ့သော်လည်း ၁၂၀၈၉၇ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန်၍ စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိ မိုးစပါးစုစုပေါင်း (၄၉၂၇၄) ဧကကို ရိတ်သိမ်းပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)