တာလေ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများအသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်းနှင့်ပတ်သတ်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် အမှား၊အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက သုတ/ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကိုပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)