ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ  ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂ ရက်နေ့လယ်ပိုင်းက ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်ဝင် ပေါ်တော်မူ ကံ့ကော်တော ဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရားကြီး သိမ်တော်ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုန်းတောကျေးရွာရှိ ပညာအလင်း စာကြည့်တိုက်သို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စာပေလေ့လာဖတ်ရှုနေမှုကို သွားရောက်ကြည့်ရှုအားပေးကြကာ စာကြည့်တိုက်အတွက် သုတရသစာအုပ်စာပေများကို ပေးအပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုန်းတောကျေးရွာ၌ မဲစာရင်း မှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအားကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံးချွိန်ကျေးရွာရှိ ၁၃၅ မဂ္ဂါဝပ်သဘာဝ ဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (Power China) ကုမ္ပဏီသို့ သွားရောက်ပြီး စီမံကိန်း ရှင်းလင်းဆောင်၌ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့်အခြေအနေ၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေမှုအခြေအနေများ၊ ဒေသတွင်းလူမှုစီးပွား အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများစသည့်ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၌ အရာရှိ စစ်သည်များ၊ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြပြီး တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်ဗျူးပွိုင့်အား ပြန်လည်မွမ်းမံ တည်ဆောက်ခြင်းနှင့် ကျောက်ဖြူမြို့အဝင်ဆိုင်းဘုတ်အား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ကျောက်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မူလအနေအထားအတိုင်း စနစ်တကျဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာန၊ ကျောက်ဖြူခရိုင်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူမြို့တွင်း လေယာဉ်ကွင်းအဝင်လမ်းအား လမ်းချဲ့ခြင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးကြရာ လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေ‌ရေး အလေးထားဆောင်ရွက်သွားကြရန်မှာကြားပြီး လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)