အထက်မင်းလှ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်က သဖန်းချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ လူတို့အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သစ်တောသစ်ပင်သည်အရေးအကြီးဆုံးဖြစ်ကြောင်း၊ သစ်ပင်များကိုအလွန်အကျွံခုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မြေဩဇာ၊ ဓာတုပိုးသတ်ဆေး၊ ဆွေးမြေ့ရန်ခက်သော ပလတ်စတစ်အမှိုက်များ၏ မြေထုနှင့်ရေထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုနှင့် ကမ္ဘာမြေကြီးပျက်စီးယိုယွင်းလာမှုအခြေအနေ၊ အမှိုက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အမှိုက်များ၏ဆွေးမြေ့ပျက်စီးမှုသက်တမ်းများစသည့် သိကောင်းစရာများအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့်” အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဝင်းမြတ်(အထက်မင်းလှ)