စဉ့်ကိုင် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြတ်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ပေါက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (မြို့နယ်အဆင့်) လူရည်ချွန်ရွေးချယ်စာမေးပွဲများကို ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဒီဇင်ဘာလ ၅ ရက် (၈) နာရီက ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို မြို့နယ်အားကစားကွင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ Grade (9) ကျောင်းသား/ ကျောင်းသူ (၁၇) ဦး၊ Grade (10) ကျောင်းသား/ကျောင်းသူ (၁၇) ဦး၊ Grade (11) ကျောင်းသား/ကျောင်းသူ (၁၆) ဦး၊ Grade (12) ကျောင်းသား၊ ကျောင်းသူ (၁၁) စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၁) ဦးတို့က မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ လက်ထောက်မှောက်တွန်းတင်ပြိုင်ပွဲ၊ ရပ်လျက်အလျားခုန်ပြိုင်ပွဲ၊ အိပ်ထမတင်ပြိုင်ပွဲ၊ (ကျား) မီတာ (၈၀၀) အပြေးပြိုင်ပွဲ၊ (မ) မီတာ (၄၀၀) အပြေးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့် ပြိုင်ပွဲကြီးကြပ်ဆရာ/ဆရာမများက ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)