မိုင်းစံ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အ.မ.က(ဝမ်လီ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား/ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်တွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိဇာချိုမှ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာများပြသခဲ့ရာ အ.မ.က(ဝမ်လီ)မှ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အိဇာချို