သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) အရှိန်အဟုန်မြှင့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

သာစည် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပြည်သူလူထုအခြေပြု ကျောင်းပြင်ပ အသက် (၉) နှစ်မှ (၁၂) နှစ် မကျော်သေးသည့်အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) အရှိန်အဟုန်မြှင့် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံအောင်က နိုင်ငံတော်အတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများ၊ မြို့နယ်အတွင်း စာရင်းကောက်ယူမှုနှင့် ထိုးနှံပေးသွားမည့် အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ကာကွယ်ဆေးအရှိန်အဟုန်မြှင့် ထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ဖြေကြား ဆွေးနွေးပေးသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်၊ မြို့နယ်ပညာရေးမှူးဦးလှထွန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြပြီး ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)