အမရပူရခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အမရပူရ ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ အသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ယာယီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဦးက ခရိုင်အတွင်းအမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ လိုအပ်ချက်များအား ဆန်းစစ်ဖော်ထုတ်ခြင်းနှင့် စိစစ်တွေ့ရှိချက်များ၊ ခရိုင်အဆင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲနှင့် ဟောပြောပွဲများ ဆောင်ရွက်မှုအခြေအနေများ၊ ခရိုင်အတွင်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများအား လက်ခံဆောင်ရွက်ခြင်းနှင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများစသည့် အကြောင်းအရာများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်ကော်မတီဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)