ကျောက်ဆည် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဉာဏ်ပညာထူးချွန်ထက်မြတ်ပြီး ကိုယ်ကာယကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များ ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ လူရည်ချွန်စာမေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အားကစားကွင်းတွင် လူရည်ချွန်ရွေးချယ်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူရည်ချွန်အားကစားပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)အပြေး၊ အမျိုးသမီးမီတာ(၄၀၀) အပြေး၊ အမျိုးသားမီတာ (၈၀၀) အပြေး၊ အမျိုးသား/အမျိုးသမီး ဒိုက်ထိုး၊ အိပ်ထမတင်၊ ရပ်လျှက် အလျားခုန် အားကစားနည်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဒီဇင်ဘာ(၃)ရက် နံနက်ပိုင်း၌ မြန်မာ စာဘာသာ၊ နေ့ခင်းပိုင်တွင် အင်္ဂလိပ်စာဘာသာ၊ (၄)ရက်နေ့နံနက်ပိုင်း၌ အထွေထွေဗဟုသုတ ဘာသာရပ်နှင့် နေ့ခင်းပိုင်းတွင် လူတွေ့နှုတ်ဖြေမေးခွန်း စာမေးပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
လူရည်ချွန်ရွေးချယ်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာကျောင်းများမှ အလယ်တန်းအဆင့် Grade-9 ကျောင်းသား၊ ကျောင်းသူများနှင့်၊ အထက်တန်းအဆင့် Grade-11/Grade-12 ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၂)ဦး ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သက်မောင်(ကျောက်ဆည်)