ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်

ဘိုကလေး ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ သစ်တိုမူလွန်ကျောင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီခွဲ အချိန်၌ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အားကစားစိတ်ဓာတ်မြင့်မားရေးနှင့် စားသုံးရေးရာ ကာကွယ်ရေးဟောပြောပွဲများ၊ ပြပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲသို့ သစ်တိုမူလွန်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းဝင်းက ကျောင်းသား/သူများအနေဖြင့် အဖိုးထိုက်တန်သော သားကောင်းရတနာများဖြစ်လာရန် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေး စာများများဖတ်ကြရန် လိုအပ်ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေလင်းအောင်က ကျန်းမာသန်စွမ်းသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းစေရေးအတွက် ငယ်စဉ်ကပင် ဝါသနာပါသည့် အားကစားနည်းလမ်းတစ်ခုခုအား လေ့လာလိုက်စားကြရန် လိုအပ်ကြောင်းဟောပြော၍ မြို့နယ်စားသုံးရေးရာဦးစီးမှူး ဒေါ်ခင်စန်း‌အေးက သက်တမ်းလွန်အစားအစာများ၊ ဆိုးဆေးများ၏ အန္တရာယ်များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

ဟောပြောပွဲများအပြီးတွင် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတ၊ရသစုံစာအုပ်စာစောင်များ၊ ကဏ္ဍစုံအသိပညာပေး နံရံကပ်စာစောင်များအား ချိတ်ဆွဲခင်းကျင်းပြသရာ ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)