လှိုင်းဘွဲမြို့နယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

လှိုင်းဘွဲ ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ နိုဝင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးပေးကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များ အဖွဲ့ခွဲ၍ မြို့ပေါ် (၉) ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ကြပြီး ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်တို့က လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ်ရပ်ကွက် (၉) ခုနှင့် ကျေးရွာအုပ်စု (၆၇) အုပ်စုတို့တွင် စုစုပေါင်းမဲရုံ (၁၄၉) ရုံဖြင့် ရွေးကောက်ပွဲကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 

စောဒိ(ပြန်/ဆက်)