ပေါက်ခေါင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်း၊ အထက်တန်း မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးအတွက် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရန် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းများမှ Grade-9 ကျောင်းသား/သူ(၆)ဦး၊ Grade-10 ကျောင်းသား/သူ (၉)ဦး၊ Grade-11 ကျောင်းသား/သူ (၈)ဦး၊ Grade-12 ကျောင်းသား/သူ (၄)ဦး စုစုပေါင်း (၂၇) ဦးတို့က ကိုယ်ကာယကြံ့ခိုင်မှု စွမ်းရည်ပြိုင်ပွဲများဖြစ်သည့် မီတာ(၁၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀) အပြေး၊ ဒိုက်ထိုး၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင် အားကစားစွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေတွင်(၄၀)မှတ်၊ ကိုယ်ကာယကြံ့ခိုင်မှု(၆၀)မှတ်တို့ဖြင့် ရွေးချယ်သွားမည်ကြောင်း သိရသည်။
ဖုန်းကျောင်ဇင်(ပြန်/ဆက်)