သရက်ချောင်းမြို့နယ် လူရည်ချွန်စာမေးပွဲ၌ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ပြုလုပ်

သရက်ချောင်း ဒီဇင်ဘာ ၅

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီက သရက်ချောင်းမြို့၊ မြို့နယ်ပညာရေးမှူးရုံးအရှေ့နှင့် (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမတို့တွင် ပြုလုပ်ခဲ့သည်။

ထို့သို့စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများက အပြေးမီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်တွန်းတင် (၂မိနစ်)၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင် (၂မိနစ်)၊ အပြေးမီတာ ၈၀၀ (ကျား)၊ မီတာ ၄၀၀ (မ) တို့အား ယှဉ်ပြိုင်ကြရာ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ဒိုင်အဖွဲ့များက လူရည်ချွန်စိစစ်ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)