ပုဇွန်တောင်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေပေးလျက်ရှိ

ပုဇွန်တောင် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာစာသင်ကျောင်းများ၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် “ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့” စသည့်အကြောင်းအရာများပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်