ကြို့ပင်ကောက်မြို့နယ်  အ.ထ.က(ပန်းတင်)၌ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပ

ကြို့ပင်ကောက် ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက  အ.ထ.က(ပန်းတင်)၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးသန်းနိုင်စိုးကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်း စတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ GRADE-11 မှ ကျောင်းသား၊ ကျောင်းသူလေးများက “လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စည်းကမ်း”ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး ဆွေးချက်များအပေါ် တက်ရောက်လာသော  ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား‌ပေးခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ ဧည့်သည်တော်များက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့အား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း(ပြန်/ဆက်)