လားရှိုး ဒီဇင်ဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဝင်များက ရပ်ကွက်၊ ကျေးရွာများ၌ အိမ်တိုင်ရာရောက် Door to Door စနစ်ဖြင့် မဲစာရင်းများတိုက်ဆိုင်စစ်ဆေးမှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက လားရှိုးမြို့နယ် ရပ်ကွက် (၁၂)၊ နယ်မြေ (၁၇)၊ နယ်မြေ (၁၉)နှင့် ရပ်ကွက် (၇)သို့ ကွင်းဆင်း၍ မဲစာရင်း၌ ပါဝင်သင့်သူများ မကျန်ရှိစေရေး၊ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက အိမ်တိုင်ရာရောက် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား မေးမြန်းကာ မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လားရှိုးမြို့တွင် မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)