မင်းဘူးမြို့၌ ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းဘူး ဒီဇင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ လာမည့် ဒီဇင်ဘာ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မင်းဘူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ မင်းဘူး-စကုကားလမ်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေးလက်ကမ်းစာစောင် (အစောရေပေါင်း ၁၀၀၀)ကို ဒေသခံပြည်သူများနှင့် မင်းဘူး-စကု ကားလမ်းတစ်လျှောက် လမ်းသွားလမ်းလာပြည်သူများထံ ဖြန့်ဝေပေးခဲ့သည်။

ထို့အပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ပူပေါင်းအဖွဲ့များက ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှုအစီအစဉ်များအဖြစ် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့စာတမ်းပါ Billboard၊ “ဒို့အတူတူ မဲပေးကြမယ် စာသားပါ ဗီနိုင်းများအား လူစည်ကားရာနေရာများတွင် ချိတ်ဆွဲစိုက်ထူထားရှိခြင်းနှင့် ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုစိတ်ပါဝင်စားစွာ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)