ကြံခင်းမြို့နယ်၊ အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျွန်းပုလု၌ လူငယ်စကားဝိုင်းကျင်းပ

ကြံခင်း ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျွန်းပုလုတို့ပူးပေါင်း၍ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ​ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိစုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားကို သောကြာဒူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်မင်းလတ်က အဖွင့်အမှားစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ကျောင်းစာကြည့်တိုက် များတွင် လေ့လာဖတ်ရှုမှတ်သားတတ်လာစေရန်စသည့် ရည်ရွယ်ချက်ကာ လူငယ်စကားဝိုင်းများကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက် ပြီး၊ Grade-5 ကျောင်းသား မောင်ဟိန်းဝေဇင်က “လူငယ်နှင့်ကိုယ်ကျင့်တရား”၊ Grade-8  ကျောင်းသူ မစုပုံချစ်က “လူငယ်နှင့်စာဖတ်ခြင်း”၊ Grade-6 ကျောင်းသား မောင်နေဖြိုးအောင်က “လူငယ်နှင့် အားကစား”Grade-8 ကျောင်းသူ မဂျူးဂျူးဇင်သော်က “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ် တို့ဖြင့် မိမိတို့မှတ်သားလေ့လာထားသည့် အကြောင်းအရာများအား ဆွေးနွေးကြပြီး၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်​သင်းသင်းကြူက ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ် သုံးသပ် ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကိုမေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်​သင်းသင်းကြူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်၊ မူးယစ်အန္တရာယ် လူရန်စွယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား စွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း