ချမ်းမြသာစည် ဒီဇင်ဘာ ၅
ချမ်းမြသာစည်မြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဆရာမကြီး ဒေါ်နီနီဆွေက သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက အသက် ၉ နှစ်မှ ၁၂ နှစ်အောက် ကျောင်းတွင်မထိုးနှံသေးရသည့် ကျောင်းသူများနှင့် ကျောင်းပြင်ပ မထိုးနှံသေးရသည့် မိန်းကလေးငယ်များကို ကာကွယ်ဆေးများ ဒီဇင်ဘာလအတွင်း လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူး ထွန်းဇံဖြူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေး (HPV) အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)