ချမ်းအေးသာစံ ဒီဇင်ဘာ ၅
ကျောင်းသား၊ ကျောင်းသူများအား အသိဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်သာမက ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက် ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးရုံးအနေဖြင့် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေး အားကစားပြိုင်ပွဲများကို ခလရ ၉၅ အတွင်းရှိ အားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
“ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသားလူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတများစွာရရှိစေရေးနှင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရေးတို့အတွက် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း” မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်က ပြောကြားခဲ့သည်။
လူရည်ချွန်ရွေးချယ်ရေး အားကစားပြိုင်ပွဲများကျင်းပရာတွင် မီတာ ၁၀၀၊ ၄၀၀၊ ၈၀၀ အပြေးပြိုင်ပွဲများ၊ အိပ်ထမတင်ပြိုင်ပွဲ၊ ရပ်လျက်အလျားခုန်ပြိုင်ပွဲ၊ လက်ထောက်မှောက်တွန်းတက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲ အမျိုးအစား ၆ မျိုးအား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၄၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)