ဖြူး ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အသိပညာများရရှိစေရေးနှင့် ငယ်စဉ်အရွယ်မှစ၍ စာဖတ်သည့်အလေ့အကျင့်များရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကို ဒိုင်းတရာကျေးရွာ၊ ဒိုင်းတရာ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအကြောင်းတို့ကို အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲ၊ သုံးဘီးမိုဘိုင်းလ်ယာဉ်ဖြင့် ကလေးစာပေများဖတ်ရှုစေခြင်း၊ ရုပ်ပြစာအုပ်ဖြင့် အသိပညာပေး ပုံပြင်များပြောကြားခြင်း၊ ဘုတ်ပြားပြဇာတ်ပြသပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)