ကန်ကြီးထောင့် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နနွင်းဂရက်ကျေးရွာအုပ်စု၊ နနွင်းဂရက်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာအခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲနိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးနိုင်စိုးက ကျောင်းသား၊ ကျောင်းသူများအား စာပေများပိုမိုဖတ်ရှုကြရန်နှင့်ဆွေးနွေးမှုများအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံလေ့လာမှတ်သားကြရန် ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးစကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ လက်ထောက်မူလတန်းပြဆရာမ ဒေါ်မိဝိုင်းစိန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-11 နှင့် Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းသားနှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့်မျိုးချစ်စိတ်၊ မူးယစ်အန္တရာယ်တို့ကာကွယ်စသည့်ခေါင်းစဉ်များအား အသီးသီးဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ကျေးရွာရပ်မိ၊ ရပ်ဖတစ်ဦးက လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားအား ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး