တောင်သာမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ

တောင်သာ ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သောကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းမှ စတင်၍ တောင်သာမြို့ မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာ ရေးမှူးဒေါ်မြမြဆွေမှ ဦးဆောင်ပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများကကြီးကြပ်၍ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ် စောင့်ကြပ်ပေးခဲ့ကြသည်။

မြို့နယ်အတွင်းမှ လူရည်ချွန်စာမေးပွဲ ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-9 ကျောင်းသား၊ ကျောင်းသူ (၃) ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ (၈) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၁) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ အထွေထွေဗဟုသုတဘာသာရပ်များနှင့် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးရာတွင် ကျောင်းသူများမှ မီတာ (၁၀၀) နှင့် မီတာ (၄၀၀) အပြေးပြိုင်ခြင်းအားလည်းကောင်း၊ ကျောင်းသားများမှ မီတာ (၁၀၀) နှင့် မီတာ (၈၀၀) အပြေးပြိုင်ခြင်းအားလည်းကောင်း၊ လက်ထောက်တွန်းတင်၊ အိပ်ထမတင်းနှင့် ရပ်လျက်ခုန်တို့ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)