မြင်းခြံ ဒီဇင်ဘာ ၅
၂၀၂၅ ခုနှစ်တွင် ကျင်းမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြင်းခြံမြို့နယ်အတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် ထုတ်ပြန်ကြေညာထားရာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ မြင်းခြံမြို့နယ်တွင် မဲစာရင်းမပါသဖြင့် ပုံစံ (၃) ဖြင့် လာရောက်လျှောက်ထားသူ ၃၂၉၃ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထို့အပြင် မဲစာရင်းတွင် မပါသင့်သူများ ပါဝင်နေ၍ ပုံစံ (၄) ဖြင့် လာရောက်ကန့်ကွက်သူ ၂၂၂ ဦး၊ မဲစာရင်းတွင် အချက်အလက်မှားယွင်းသဖြင့် ပုံစံ (၄-ဂ) နှင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ ၇၆ ဦးရှိပြီး မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ပြုစုကာ တတိယအကြိမ် မဲစာရင်း ထုတ်ပြန်ကြေညာရာတွင် မှန်မှန်ကန်ကန်ဖြင့် မဲပေးသူ မကျန်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြီးပြည့်စုံသည့် မဲစာရင်းဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြင်းခြံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်မင်းသန်းက ပြောသည်။
မြင်းခြံမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက် ၂၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုတို့၌ ယနေ့အချိန်ထိ မဲစာရင်းများအရ မဲရုံပေါင်း (၆၇) ရုံဖြင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၁၀၂၇၇၆ ဦးထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)