ထားဝယ် ဒီဇင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းပြင်ပပညာရေးသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ မိဘ၊ ဆရာ ကျောင်းသားတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာကျောင်းပြင်ပကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းပြင်ပပညာရေးသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများအားပြန်လည်၍ လူမှုဘဝမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သောကြောင့် မင်္ဂလာရှိပြီး တိုင်းဒေသကြီးအတွက် နောင်တစ်ချိန်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေသောကြောင့် တန်ဖိုးရှိကြောင်း၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာ မများပေါင်းစပ်ပြီး ကျောင်းသား/ကျောင်းသူများ၏ဘဝမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့်ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းပညာရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အခြေခံစာတတ်မြောက်ရေးအစီအစဉ် စဉ်ဆက်ပညာရေးအစီအစဉ်ဖြစ်သော စာဖတ်ရှိန်မြှင့်တင်ရေး၊ ဝင်ငွေတိုးပွားရေး၊ ဘဝသာယာရေး အစီအစဉ်၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသော ကျောင်းပြင်ပရောက်ကလေးများနှင့် ကျောင်းနေအရွယ်လွန်များအတွက် တန်းညှိပညာရေးအစီအစဉ်များဖြစ်သော ကျောင်းပြင်ပမူလတန်းပညာရေး (Non Formal Primary Education-NFPE) ၊ကျောင်းပြင်ပအလယ်တန်းပညာရေး (Non Formal Middle Education-NFME) ဒုတိယအကြိမ်ကြိုးစားခွင့် ဖန်တီးပေးထားသည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ သင်ယူသူများအား သင်ယူခွင့် ဖန်တီးပေးပြီး ဘဝအတွက် လိုအပ်သည့် အခြေခံအသိ၊ ကျွမ်းကျင်မှုနှင့်သဘောတရားများဖွံ့ဖြိုးတိုးတက်လာစေရေး၊ သက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး၊ ဝင်ငွေရှာနိုင်မှုစွမ်းရည် တိုးတက်လာစေရေး၊ သက်မွေးပညာအခြေခံကျွမ်းကျင်မှုများ ရရှိလာစေရေးတို့ကိုရည်ရွယ်၍ ပညာသင်နှစ်အလိုက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အလေးထားလျက်ရှိပြီး သင်ကြားရေးနှင့်သင်ထောက်ကူပစ္စည်းများကိုလည်းပံ့ပိုးပေးလျက်ရှိကြောင်း “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့်ဆောင်ပုဒ်၏ ရည်ရွယ်ချက် အောင်မြင်ပေါက်မြောက်စေရန် အားလုံးပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းပြင်ပမူလတန်းပညာရေးကလေးများ၏ ဦးတည်အုပ်စု အသက်သတ်မှတ်ချက်ကို ၁၀ နှစ်မှ ၁၄ နှစ်အထိသတ်မှတ်ပြီး၊အလယ်တန်းပညာရေးပြီးမြောက်ခြင်း မရှိသော ကလေးများအတွက် ကျောင်းပညာအလယ်တန်းပညာရေးတန်းညှိ အစီအစဉ်ကိုအသက် ၁၃ နှစ်မှ ၁၈ နှစ်အထိသတ်မှတ်၍ သင်ကြားပေးလျက်ရှိကြောင်း၊ ပညာရေးကျောင်းသား/သူများသည် မိမိဒေသဖွံ့ဖြိုးတိုးတက်အောင်၊ ကြီးပွားတိုးတက်အောင် ဆောင်ရွက်သူများဖြစ်သောကြောင့် အလေးထားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း အားငယ်စိတ်မထားပဲ ကြိုးစားပါက အောင်မြင်မည်ဟု ခံယူချက်ထားရှိရန်လိုအပ်ကြောင်း၊ ကျောင်းသား မိဘများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ဆရာ/မများအနေဖြင့် ကျောင်းသား/ကျောင်းသူများအား စိတ်ရှည်စွာဖြင့် အကောင်းဆုံးဖြစ်အောင် သင်ကြားပြသပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်အဆင့်အထိ အောင်မြင်အောင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းပြင်ပလုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေကျပ် သိန်း၂၀၀ အား ပေးအပ်ပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျောင်းပြင်ပပညာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများအားဆုချီးမြှင့်ပြီးဆရာ/ဆရာမများက ပညာရေးဝေးသည်မရှိသီချင်းဖြင့် ဂုဏ်ပြုသီဆိုကာ ကျောင်းပြင်ပပညာရေးသင်ယူနေကြသည့် ကျောင်းသား /ကျောင်းသူများ၏ မိဘများကိုယ်စား မိဘတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ကျောင်းပြင်ပ မူလတန်းနှင့်အလယ်တန်းကျောင်းသား/ကျောင်းသူများ၏ အနုပညာစွမ်းရည်များဖြင့် သီဆိုကပြ ဖျော်ဖြေနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ဆုချီးမြှင့်ကာ ကျောင်းပြင်ပကျောင်းသား/ကျောင်းသူများက ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)