လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျောင်းသား/သူလေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အားလပ်သောအချိန်များတွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် စာအုပ်စာစောင်များ ဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအိက လူငယ်နှင့်စာရိတ္တအကြောင်းကို ဟောပြောခြင်း၊ မြို့နယ်အမျိုးသမီးရေားရာအဖွဲ့ဝင် ဒေါ်ဇင်မာလွင်က လူငယ်နှင့် ယဥ်ကျေးမှုအကြောင်းအရာများကို ဟောပြောခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန္တာခင်က ကျေးဇူးတင်စကားပြောကြားပြီးနောက် မူလတန်းအဆင့် ကျောင်းသား/သူလေးများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ကာယဗလဖွံ့ဖြိုးရေးအတွက် ဂိမ်းပြိုင်ပွဲများဖြစ်သည့် ပူးပေါင်းသယ်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ခွက်ကောက်ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆော့ကစားခဲ့ကြပြီး ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ခန်းမအတွင်း ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်၊ စာစောင်များကို ပြသခဲ့ကြရာ စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)