ဒေးဒရဲ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာကျောင်းများအရောက် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်နှင့် စာပေခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်ပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)