ကြံခင်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မျောက်ချောကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကို ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လမ်းပြကြယ်သီချင်းဖြင့် Grade-8, Grade-9 ကျောင်းသူလေးများကသီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ အ.ထ.က(မျောက်ချောကုန်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့်သိမ့်သူက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပရိတ်သတ်များ ရှေ့မှောက်တွင် ပြောဆိုတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန် ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ် ကျင်းပရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကြံခင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ဆောင်ရွက်ကာ Grade-11 ကျောင်းသူ မဆုရတီစိုးက “လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်ရဲမင်းသူက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဆုမြတ်နိုးထွန်းက “လူငယ်နှင့် ပညာအလင်းရောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မအိန်ဂျယ်လင်းထက်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှု မှတ်သားထားသော အတွေးအခေါ်များကို မျှဝေဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့်သိမ့်သူက သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြပြီး၊ ထို့နောက် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မေးမြန်းဆွေးနွေးကြသူ များအား ကျောင်းအုပ်ဆရာမကြီးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ တို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ကျောင်းအကျိုးတော် ဆောင်နာယက ဆရာကြီးဦးသောင်းညွန့်က ကျေးဇူးတင်စကားပြောပြီး ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်၊ သဘာဝစွန့်ပစ်အမှိုက်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းကို ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မျောက်ချောကုန်း(အ.ထ.က) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ စုစုပေါင်း ၃၅၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)