မင်းလှမြို့ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဇေယျာသီရိ‌ဈေး မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက ဈေးအတွင်းရှိဈေးဆိုင်ခန်းများ၊ မီးသုံးစွဲရာတွင်စနစ်တကျသုံးစွဲရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ဆောင်ရွက်ထားရှိရန်၊ မီးသတ်ဆေးဗူးများထားရှိရန်၊ မီးမလောင်ခင်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်လျှင်ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဉာဏ်ဦးမှ စျေးသူ/စျေးသားများ စျေးဆိုင်ခန်းရှင်များလိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများ၊ အရေးပေါ်မီးငြှိမ်းသတ်ခြင်းနည်းလမ်းများနှင့် မီးသတ်ပိုက်များအသုံးပြုပုံ၊ မီးသတ်ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်မှုများ၊ စျေးအတွင်းတပ်ဆင်ထားရှိသည့် အပေါ့စား မီးသတ်စက်(၂)လုံးဖြင့် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်း၊ ဈေးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးအတွက် မီးသတ်ရေကန်များ၊ မီးသတ်‌ဆေးဗူးများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်‌ဆေးခဲ့ကြပါသည်။ 

ဝင်းမြတ်(အထက်မင်းလှ)