ကျိုက်လတ် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် "လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူး အကြောင်းသိကောင်းစရာ" အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ(၈)ရက်၊ နေ့လယ်ပိုင်းက ခနောင်ရွာသစ်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က "လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးအကြောင်း၊ ကျန်းမာကြံ့ခိုင်စေရန် လမ်းလျှောက်ရမည်ဖြစ်ကြောင်း၊ လမ်းလျှောက်ခြင်းသည် ဥာဏ်ပညာထက်မြက်စေရန် အထောက်အကူလည်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အလှအတွက်မှန်ကြည့်သလို ဘဝအတွက်စာကြည့်ရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းဟောပြောခဲ့သည်။ ထို့နောက် လူကုန်ကူးမှုအကြောင်းနှင့် ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့ အသိပညာပေးနံရံကပ် စာစောင်များကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ "လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးအကြောင်းသိကောင်းစရာ" အသိပညာပေးဟောပြောပွဲသို့ ခနောင်ရွာသစ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၆၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)