အိမ်မဲ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့ကျန်းမာရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆုဝေထွန်း က ကာကွယ် ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။ထို့နောက် အခြေခံပညာကျောင်းများမှ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ စုစုပေါင်း (၄၅) ဦး အား သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိဘများ တက်ရောက်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၀၀)မှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူ (၅၄၇) ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ယခုလ (၉) ရက်နေ့မှ (၂၀)ရက်နေ့အထိ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)