ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌  အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနှင့် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အမှတ်(၃)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင်းမို့မို့လွင်က အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာကော်မတီအတွင်းရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ The Fifth Pillar အဖွဲ့၊ ပြည်နယ်ကြက်ခြေနီအသင်း၊ Brave Heart အဖွဲ့နှင့်တက်ရောက်လာကြသူများက ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအိမ်တွင်းအကြမ်းဖက်မှုစသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်းအရာများကို ပါဝင်ဆွေးနွေးခြင်းနှင့် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)