ညောင်တုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကြက်တူရွေးတောင်အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြက်တူရွေးတောင် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အချင်းချင်းအပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်နှင့် လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အနာဂါတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်တင်တင်လှိုင်က ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများနှင့်အတူ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာစသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၏သိရှိလိုသော မေးခွန်းများနှင့် မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များစသည့် ‌အကြောင်း အရာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်အေးစုနန္ဒာက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးအကြောင်းအရာများ၊ သဘာဝ‌ဘေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)