ချမ်းမြသာစည် ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဗဟုသုတများဟောပြောပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပန်းချီရေးဆွဲခြင်း ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေး အလုပ်သမား ခိုင်းစေမှုလျော့နည်း ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ကျောင်းသား၊ ကျောင်းသူနှင့် ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများကအမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)