ညောင်ရွှေမြို့နယ် တောင်ခြေကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် အ.မ.က(၂)မူလွန်ကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဒီဇင်ဘာ ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လူငယ်သိပညာပေးပြပွဲဆောင်ရွက်ခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊  တောင်ခြေကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင် ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှု ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူလေးများအတွက် လူငယ်အသိပညာပေးပြပွဲ ခင်းကျင်းပြသပေးခြင်း၊ ကလေးအလုပ်သမားအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူလေးများမှစိတ်ပါဝင် စားစွာလေ့လာကြည့် ရှု့ခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှုဆောင်ရွက်ခဲ့ရာ ဒုတိယဦးစီးမှူး ဦးမောင်မောင်က စာကြည့်တိုက်မိတ်ဆက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လူငယ်များနှင့် အနာဂတ်တာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြောင်းသိရှိ ရသည်။

စိုင်းအယ်ဘဲ