အမရပူရ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ၌ ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီက လူစည်ကားရာနေရာဖြစ်သည့် စစ်ကိုင်း-မန္တလေးကားလမ်း သံလမ်းဆုံတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည်ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”ဆောင်ပုဒ်နှင့်အညီ "ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ ”ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့် သာဖော်ဆောင်နိုင်ပါသည်"၊ ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီး မဲပေးကြပါစို့"၊ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့” စသည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များကို အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်း၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)