တာမွေ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု GBV အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းခရိုင်လူမှုဝန်ထမ်းရုံး၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦီးက ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုသည့် အဓိပ္ပာယ်၊ အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် တယ်လီဖုန်းနံပါတ်များနှင့် လိပ်စာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သင်္ဃန်းကျွန်းခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများသည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် လူမှုဝန်ထမ်းရုံးမှ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကြီးကြပ်မှုကော်မတီဝင်များနှင့် အမျိုးသမီးအရေးစိတ်ဝင်စားသည့် မြို့နယ်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)